ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့် ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေလှူဒါန်း

ဇေယျာသီရိ ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်စံအောင်ရပ်ကွက်ရှိ ရတနာစံကျောင်းတိုက်သို့ သောက်သုံးရေများ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းပေးရာတွင် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ဇေယျာသီရိမြို့နယ် ပြည်စံအောင် ရပ်ကွက်ရှိ ရတနာစံကျောင်းတိုက်သို့ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ် များဖြင့် ရေဂါလန် ၂၄၀၀ ကို သွားရောက်လှူဒါန်းခဲ့သည်။ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေ အခက်အခဲရှိပါက ဆက်လက်၍ သောက်သုံးရေများလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)