မန်ကန်မြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မန်ကန် ဧပြီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တာဝန်ခံ ဒေါ်အေးကပ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ သက်တန့် (မေရီ) “စစ်မှန်သောမိမိနှင့်တွေ့ဆုံခြင်း”စာအုပ် မှ အတွေးများအပေါ် စွဲလမ်းမှုဆောင်ပါးဖြင့် စတင်ဆွေးနွေးခဲ့ပြီး၊ အသိအမှတ်ပြုခံလိုခြင်းမှ လွတ်မြောက်ခြင်း၊ လူ့ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်လိုပါပဲ၊ စတင်ခြင်းသည်အနာဂတ်ဖြစ်သည်၊ ကြီးလေးသောဝန်ကို ထမ်းထားရသောဦးနှောက် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်၊ စာစောင်ချစ်မြတ်နိုးများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မန်ကန်မြို့နယ်တွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ Talk Show အစီအစဉ်များကို လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အေးကပ်(မန်ကန်၊ပြန်/ဆက်)