မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လူရည်ချွန်စခန်းစုရပ်(မန္တလေး) (အ.ထ.က ၁၆)မှ နေပြည်တော်သို့ထွက်ခွာသည့် လူရည်ချွန်များအား ပို့ဆောင်နှုတ်ဆက်

မန္တလေး ဧပြီ  ၂၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ချမ်းအေးသာစံမြို့နယ်ရှိ လူရည်ချွန်စခန်းစုရပ်(မန္တလေး)(အမှတ်-၁၆၊ အခြေခံပညာအထက်တန်းကျောင်း)မှ နေပြည်တော်သို့ မော်တော် ယာဉ်များဖြင့်ထွက်ခွာသည့် ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သွားရောက် တွေ့ဆုံ၍ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

အဆိုပါ လူရည်ချွန်ကျောင်းသား၊ကျောင်းသူများမှာ ၂၀၂၄ ခုနှစ် မန္တလေး၊ ကချင်ပြည်နယ်နှင့် တိုင်းဒေသကြီးမြို့နယ်များအသီးသီးမှ လူရည်ချွန်မောင်မယ်များအဖြစ် ထိုက်တန်စွာ ရွေးချယ်ခြင်းခံခဲ့ရ သူများဖြစ်ပြီး ကြီးကြပ် ဆရာ၊ ဆရာမများလိုက်ပါကာ မန္တလေးမြို့စုရပ်မှ နေပြည်တော်စုရပ်သို့ မှန်လုံမော်တော်ယာဉ်ကြီးများဖြင့် ထွက်ခွာသွားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်တော်ယာဉ်များအပေါ်အထိ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ လူရည်ချွန်ကျောင်းသား၊ကျောင်းသူများအဖွဲ့သည် နေပြည်တော် စုရပ်စခန်း (ရွာတော်လူရည်ချွန်စုရပ်စခန်း)တွင် အခြေပြုတည်းခိုမည်ဖြစ်ပြီး  နေပြည်တော်တွင်ရောက်ရှိစဉ် ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ၊ ကြီးကြပ် ဆရာ၊ ဆရာမများနှင့်အတူ နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများ၊ ဗဟုသုတဖြစ်ဖွယ်ရာပြခန်းများသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်းနှင့် လူရည်ချွန်လုပ်ငန်း ဆောင်ရွက် ချက်အစီအစဉ်များအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)