ပင်းတယ၌ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ

ပင်းတယ ဧပြီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီက Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်မှ “အောင်မြင်ခြင်းအတွက်တည်ဆောက်ယူခြင်း” ဟူသောခေါင်းစဉ်ဖြင့်ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်သဉ္စာဦးက အဆိုပါစာအုပ်မှ “လူငယ်နှင့် စူးစမ်းလေ့လာမှုများ”ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်မြတ်သူကျော်က “လူငယ်နှင့်လူမှုရေးအတွေးများ” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)