မိုင်းယောင်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း ဧပြီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဟောင်ကြန့်အုပ်စု၊ ပါမန်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော် ဦးဆောင်သည့် မြို့နယ်စစ်ကြောင်းကြီး (၅)ကြောင်းမှ တာဝန်ရှိသူများက တစ်ဖက်နိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်သွားရောက်ခြင်းဖြင့် လူကုန်ကူးခံရမည့် အန္တရာယ်ကြုံတွေ့နိုင်ပုံ၊ တရားမဝင်အလုပ်လုပ်ကိုင်ခြင်းဖြင့် အလုပ်သမားများ၏ အခွင့်အရေးများမရနိုင်သည့်အပြင် တရားမဝင်ခိုးဝင်မှုဖြင့် အဖမ်းခံရနိုင်ပုံ၊ တစ်ခါတစ်ရံတွင် စာချုပ်ချုပ်ဆို၍ အယုံသွင်းထားသည့်တိုင် လိမ်လည်ခံရနိုင်ပုံ၊ လူကုန်ကူးမှုတွင် လူပွဲစားများက နယ်စပ်မြို့ သို့မဟုတ် တစ်ဖက်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်စသည့်နေရာတို့တွင် လုပ်ခလစာကောင်းကောင်းရရှိမည်ဟု စည်းရုံးခြင်း၊ အိမ်ဖော်၊ ကလေးထိန်း၊ သက်ကြီးရွယ်အိုတို့ကို ကြည့်ရှုစောင့်ရှောက်ရမည်ဟူ၍ စည်းရုံးခြင်း၊ ဟန်ဆောင်လက်ထပ်ခြင်း၊ ရည်းစားအဖြစ် ချစ်ကြိုက်ဟန်ဆောင်ခြင်းဖြင့် လှည့်ဖြားကာ တစ်ဖက်နိုင်ငံသို့ အလည်အပတ် သို့မဟုတ် ခိုးပြေးသည့်ပုံစံဖြင့် ခေါ်ဆောင်ရောင်းစားခြင်း၊ တစ်ဖက်နိုင်ငံမှ အမျိုးသားနှင့်ဇနီးမယားအဖြစ် ပေါင်းသင်းပါက ငွေကြေးအမြောက်အမြားရမည်ဟု စည်းရုံးခြင်း စသည့်နည်းလမ်းများကို အသုံးပြုကြကြောင်းကို ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေနှင့် အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)