ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်မှ စီးပွားရေးဦးတည်ချက် (၂) (က) တွင်“စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတက်အောင်တည်ဆောက်ရေး” ဟူသည့်အချက်ကို ထည်သွင်းဖော်ပြထားပါသည်။
နိုင်ငံ့စီးပွားတိုးတက်လာရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိလာသည့် ထုတ်ကုန်များကို အခြေခံ၍တန်ဖိုးမြှင့်ထုတ်ကုန်များ ထုပ်လုပ်ဆောင်ရွက်နေကြသကဲ့သို့ မွေးမြူရေးလုပ်ငန်းကို အခြေခံ၍လည်း တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချဆောင်ရွက်ကြပါသည်။ ထိုသို့ မွေးမြူရေးကိုအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် တစ်ပိုင်တစ်နိုင်လုပ်ဆောင်နေသည့် မြင်းခြံမြို့မှ “အန်တီနှင်းဆိတ်သားခြောက်ကင်”လုပ်ငန်းပိုင်ရှင် ဒေါ်နှင်းနှင်းရီနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်-
မေး။ ။ ဒီလုပ်ငန်းကို ဘယ်အချိန်ကစ၍ လုပ်ဆောင်ခဲ့ပါသလဲ။
ဖြေ။ ။ လွန်ခဲ့တဲ (၈)နှစ်လောက်က စလုပ်ခဲ့တာပါ။ အစကတော့ မိသားစုတစ်ပိုင်တစ်နိုင် စလုပ်ပါတယ်။ ကိုဗစ်ကာလမှာ ရောင်းအားတွေမြင့်တက်လာပြီး ခုတော့ အောင်မြင်တဲ့လုပ်ငန်း တစ်ခုဖြစ် လာပါပြီ။
မေး။ ။ ဆိတ်သားခြောက်ကင်လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ပြောပြပေးပါ။
ဖြေ။ ။ ဆိတ်သားကို အသေအချာသန့်ပြီး အခြောက်လှမ်းပါတယ်။ ပြီးရင်(အာဘန်)နဲ့ကင်၊ လက်နှင့်ထုပါတယ်။ လက်ထုစက်ကင် လုပ်ဆောင်ပါတယ်။
မေး။ ။ ဒီဆိတ်သားခြောက်ကင်ရဲ့ အာမခံသက်တမ်းက ဘယ်လောက်လဲ၊ ကျန်းမာရေးအာမခံချက် ဘယ်လိုပေးနိုင်ပါသလဲ။
ဖြေ။ ။(၆)အထိအာမခံပါတယ်။ တာရှည်ခံဆေး၊ ဓာတုဆေး လုံးဝမသုံးပါဘူး။ သာဘာဝအတိုင်း ဆား၊ အချိုမှုန့်၊ သံပုရာသီးပဲ အသုံးပြုပါတယ်။ အိမ်မှာ မိသားစုစားဖို့လုပ်သလို သေသေချာချာ လုပ်ထားတဲ့အတွက် ကျန်းမာရေးအာမခံချက် အပြည့်အဝပေးနိုင်ပါတယ်။
မေး။ ။ လုပ်ငန်းအသိအမှတ်ပြု အထောက်အထားအတွက် ဘယ်လိုဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။ အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိထားပြီးပါပြီ။
မေး။ ။ တစ်နေ့တစ်နေ့ ကုန်ချိန်ဘယ်လောက်များများ ထုတ်လုပ်ရောင်းချရပါသလဲ။
ဖြေ။ ။ ကုန်ချိန်(၈၀)နဲ့(၁၀၀)ကြား ရောင်းရပါတယ်။
မေး။ ။ ထုတ်ပိုးပုံလေးရောပြောပြပေးပါ။
ဖြေ။ ။ (၅)ကျပ်သား၊ (၁၀)ကျပ်သား၊ (၂၅)ကျပ်သား၊ (၅၀)ကျပ်သား ၊ (၁)ပိသာ စသဖြင့် အရွယ် အမျိုးမျိုး အထုတ်တွေ၊ ဗူးတွေရှိပါတယ်။
မေး။ ။ ရောင်းချတဲ့ဈေးနှုန်းကဘယ်လောက်ပါလဲ။
ဖြေ။ ။ ဆိတ်သားခြောက်ကင်(၁၀)ကျပ်သားကို ၁၈၀၀၀ကျပ်ပါ။ ဆိတ်သားခြောက်အစိမ်းက (၁၀)ကျပ်သားကို ၁၀၀၀၀ကျပ်ပါ။ ကြက် သားခြောက်ကင်က (၁၀)သားကို ၁၂၀၀၀ကျပ်ပါ။
မေး။ ။ အလုပ်သမားဦးရေ ဘယ်နှစ်ဦးနဲ့ လှုပ်ရှုားလုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ အလုပ်သမား ဦးရေ (၂၅ )ဦး၊ (၃၀)ဦး နဲ့လုပ်ဆောင်ပါတယ်။
မေး။ ။ ဆိတ်သားခြောက်ကင်အပြင် အခြားဘယ်လိုစားသောက်သုံးကုန်တွေရော ထုတ်လုပ်ရောင်း ချ ပါသလဲ။
ဖြေ။ ။ ဆိတ်သားခြောက်မွကြော်၊ အချိုကြော်၊ အစပ်ကြော်တွေကို ထုတ်လုပ်ရောင်းချတဲ့အပြင် ဆိတ်သားနှပ်၊ ဆိတ်ကလီစာ၊ ဆိတ်စွပ်ပြုတ် စတဲ့ ဟင်းတွေကိုလည်း ချက်ပြုတ် ရောင်းပါတယ်။
မေး။ ။ ဖြန့်ဖြူးရောင်းချမှုလေးသိပါရစေ။
ဖြေ။ ။ အများဆုံးရောင်းချဖြန့်ဖြူးရတာကတော့ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး မြို့တွေပါပဲ၊ ရန်ကုန်မှာဆို ဖောက်သည်တွေအများကြီးရနေပါပြီ။ အဲဒီမြို့တွေကို ကိုယ်စားလှယ် ထားဖို့လည်း စီစဉ်ဆောင်ရွက်နေပါပြီ။
မေး။ ။ မြို့တွင်းမှာ ဖြန့်ဖြူးရောင်ချမှုလေးပြောပါအုံး။
ဖြေ။ ။ လုပ်ငန်းခွင်နဲ့တစ်ဆက်တည်း အိမ်မှာပဲရောင်းချပါတယ်။ မနက်ခင်းလာရောက်ဝယ်ယူ သမျှတွေက ကိုရီးယား၊ ဂျပန်မှာ သွားအလုပ်လုပ်တဲ့ လူငယ်တွေများပါတယ်။
မေး။ ။ အခြားပြည်ပမှာရော ရောင်းချမှုရှိပါသလား။
ဖြေ။ ။ စင်ကာပူကဖောက်သည်တွေဆီကို ပို့ပေးရပါတယ်။ အဲဒီမှာ အရောင်းကိုယ်စားလှယ်ထားဖို့ လည်းစီစဉ်နေပါတယ်။
မေး။ ။ ဒီလုပ်ငန်းနဲ့အတူ အခြား ဘာလုပ်ငန်းတွေတွဲလုပ်ပါသေးလဲ။
ဖြေ။ ။ ဒီလုပ်ငန်းနဲ့အတူ အိမ်ဆိုင်မှာ အခြားရယ်ရီမိတ်စားသောက် ကုန်လေးတွေတွဲလျက် ရောင်းချပါတယ်။ ပြင်ဦးလွင်က ဆီတို့ဘူး၊ တောင်ကြီးက ဂျူးမြစ်ကြော်၊ ပဲပွကြော်၊ ရန်ကုန်ကဆို ငါးရံ့ခြောက်ကင် တို့ကို ရောင်းချပါတယ်။ သူတို့က ဒီကဆိတ်သားခြောက်ကင်ဝယ်သလို ဒီကလည်း သူတို့ဒေသထွက်ကုန်ပစ္စည်းတွေကို ပြန်ဝယ်ပြီး ရောင်းပေးတာပါ၊ ကုန်ပစ္စည်းဖလှယ်သလိုမျိုးပေါ့။
မေး။ ။ ပြည်တွင်းစားသုံးသူတွေကို ဘယ်လိုသတင်းစကားလက်ဆောင်ပေးလိုပါသလဲ။
ဖြေ။ ။ ပြည်ပစားသောက်ကုန်တွေစာရင် ပြည်တွင်းစားသောက်ကုန်တွေက ကျန်းမာရေး အာမခံချက် အပြည့်အဝပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ပြည်တွင်းဖြစ်စားသောက်ကုန်တွေကိုပဲ သုံးစွဲသင့်ပါတယ်လို့ ပြောကြားလိုပါတယ်။
မေး။ ။ “အန်တီနှင်းဆိတ်သားခြောက်ကင်လုပ်ငန်း”ရှင်အနေနဲ့ စားသုံးသူတွေအတွက် ဘယ်လို သတင်းစကား ပါလိုပါသလဲ။
ဖြေ။ ။ “အန်တီနှင်းဆိတ်သားခြောက်ကင်”လုပ်ငန်းက ထွက်တဲ့စားသောက်ကုန်တွေက ကျန်းမာရေး အာမခံချက် အပြည့်အဝပေးနိုင်လို့ စိတ်ချယုံကြည်စွာ ဝယ်ယူစားသုံးနိုင်ကြောင်း သတင်း စကားပါးလိုပါတယ်။
ခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
အေးအေးနွဲ့(ပြန်/ဆက်)