မုဒုံမြို့ စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပျိုးပင် (၃၅၀၀၀) ပျိုးထောင်ထားရှိ

မုဒုံ    ဧပြီ    ၂၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနသည် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် အရိပ်ရပျိုးပင်ပေါင်း (၃၅၀၀၀)ကို ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးဖြန့်ဖြူးပေးနိုင်ရန် ပျိုးပင်များကို တာပသွန်(အမြဲတမ်း) ပျိုးဥယျာဥ်ခြံ၌ ပျိုးထောင်ထားရှိသည်။

ယခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်းစိုက်ပျိုးရန် လူထုဖြန့်ပျိုးပင်များအနေဖြင့် ကျွန်း(၂၀၀၀)၊ ပျဥ်းကတိုး(၂၀၀၀)၊ မဟော်ဂနီ(၅၀၀၀)၊ မန်ဂျန်ရှား(၈၀၀၀)၊ အော်ရေရှား(၈၀၀၀)၊ စိန်ပန်းကြီး(၁၀၀၀)၊ ပျဥ်းမ(၆၀၀၀)၊ ရေတမာ(၁၀၀၀)၊ ခရေ(၅၀၀)၊ ကံကော်(၅၀၀)၊ သင်္ကန်း(၁၀၀၀)   စုစုပေါင်းအရိပ်ရပျိုးပင်  ၃၅၀၀၀  ကို အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မုဒုံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ လျော့နည်းစေရန်ရည်ရွယ်ချက်များဖြင့်  ကျွန်း၊ ပျဥ်ကတိုး ၊မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဥ်းမစသည့်  အရိပ်ရပျိုးပင်များကိုပြုစုပျိုးထောင်၍ စိုက်ပျိုးလျက်ရှိသည်။ ထို့အပြင် ကျေးလက်ဒေသ စိမ်းလန်းစိုပြေစေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့်ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် သစ်ပင်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် သဘာဝသစ်တောများ ပြုန်းတီးမှုလျှော့ချနိုင်ရေးတို့ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)