ကျောက်ဆည် ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဧပြီ(၁၈)ရက်၊ ညနေ(၄)နာရီကျော်အချိန်ခန့်က လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် ဇလဲကျေးရွာမှ လူနေအိမ်(၄)လုံးပြိုကျပျက်စီးခဲ့ရာ အဆိုပါပျက်စီးခဲ့သည့် လူနေအိမ်များပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲ(၂)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် လေဘေးသင့်၍ လူနေအိမ် လုံးဝပျက်စီးသွားသည့် ဦးညီဇော်၏ (၃)ပင်၊(၂)ခန်း သွပ်မိုး၊ ထရံကာ လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ကျပ်(၁)သိန်း၊ မိသားစုဝင်(၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၈၄၀၀)ကျပ်နှင့် (၅၉၂၈၅)ကျပ် တန်ဖိုး ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၁)ပုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်ဦးဆန်း၏ (၃)ပင်၊(၂)ခန်း သွပ်မိုး၊ထရံကာ လူနေအိမ်၊ဦးတင်ထွေး၏သွပ်မိုး၊ ထရံကာလူနေအိမ်၊ ဦးမြင့်လွင်၏ (၃)ပင်၊(၂)ခန်း သွပ်မိုး၊ ထရံကာတို့အတွက် အိမ်ဆောင်ပစ္စည်းတန်ဖိုးငွေ (၁၄၆၆၀၀)ကျပ်နှင့် မိသားစုဝင်(၉)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၈၉၀၀)ကျပ်တို့အား ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)