လယ်ဝေးမြို့နယ်တွင် ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထုတ်လုပ်ရန်အတွက် တောင်သူပညာပေးဆွေးနွေး

လယ်ဝေး ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်ပြီး ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ဆီထွက်သီးနှံအထူးဇုန် သတ်မှတ်ကာ စိုက်ပျိုးထုတ်လုပ်ရန်အတွက် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဝင်တဲကူးကျေးရွာ ခန်းမတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်​တော်ဆီထွက်သီးနှံအထူးဇုန် (လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်)တာဝန်ခံ နေပြည်တော်တိုင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်က မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံများအား အထူးဇုန်အဖြစ်သတ်မှတ်ပြီး စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံသုံးမျိုး (မြေပဲ၊ နှမ်း၊ နေကြာ)များအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန်နှင့် အပင်ပြုစုစောင့်ရှောက်ခြင်းမှ ရိတ်သိမ်းခြွေလှေ့သည့် နည်းစနစ်များအထိ ပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဝင်တဲကူးအုပ်စုနှင့် ကျသောင်းတောင်အုပ်စုတို့မှ တောင်သူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

နေပြည်တော်ဆီထွက်သီးနှံအထူးဇုန်တွင် ပါဝင်သည့် လယ်ဝေးမြို့နယ်အနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံသုံးမျိုးအားဧက ၆၀၀၀၀ ကျော်စိုက်ပျိုးရန် လျာထားပြီး တောင်သူများအတွက် တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိလာမည့်အပြင် အရည်အသွေးကောင်း စားသုံးဆီများအား ကိုယ်တိုင်အသုံးပြုလာနိုင်ခြင်း၊ စားသုံးဆီကြိတ်ရာမှ တိရစ္ဆာန်အစားအစာများရရှိခြင်း၊ ဒေသတွင်းဆီစက်လုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)