နောင်တရား နိုဝင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် မဲရုံများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့် အညီ ဆန္ဒမဲပေးနိုင်ရေး မဲရုံအဝင်ပေါက်တွင် လက်ဆေးဘေစင်များထားရှိပေးခြင်း၊ အပူချိန်တိုင်းတာစစ်ဆေးနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားခြင်း၊ ရေမလိုလက်သန့်ဆေးရည်များထားရှိပေးခြင်း၊ ခြောက်ပေအကွာဖြင့် စနစ်တကျမဲပေးနိုင်ရေးအတွက် အမှတ်အသားများထားရှိပေးခြင်း၊ သတ်မှတ်ရက်အတွင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နောင်တရားမြို့တွင် မဲရုံပေါင်း လေးရုံရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)