မိုင်းကိုင်မြို့နယ်၌ အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

မိုင်းကိုင် ဧပြီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော အခြေခံအင်္ဂလိပ်စကား ပြောသင်တန်း အမှတ်စဉ် ၁/၂၀၂၄ ကို ယမန်နေ့မှစ၍ လူထုအခြေပြုဗဟိုဌာန Community Centre ၌ အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက်မြက်ပြီး  အင်္ဂလိပ်စကားပြောဆိုင်ရာ အထောက်အပံ့ကောင်းများဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဗဟုသုတလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးနှင့် သင်တန်းနည်းပြဆရာမနှစ်ဦးတို့က တာဝန်ယူသင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ သင်တန်းကာလ တစ်လအကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး စိတ်ဝင်စားသူ လူငယ်လူရွယ်များ၊ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများမှ ရှင်သာမဏေများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ချော(မိုင်းကိုင်)