ဥတ္တရသီရိမြို့နယ်၌ နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီသင်တန်း ဖွင့်ပွဲကျင်းပ

ဥတ္တရသီရိ ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်၌ ကျင်းပရာ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ ဇလောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီသန့်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားရာ နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးများ၏ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချနိုင်စေရေး၊ "ပညာခေတ်"တွင် အချိန်နှင့်အမျှ တိုးတက်စေရေး၊ နည်းပညာ၊ တီထွင်ဆန်းသစ်မှုများအား အရည်အသွေးအာမခံနိုင်ရန် လေ့ကျင့်ပျိုးထောင်ကာ မွေးဖွားချိန်မှစ၍ ဘဝတစ်လျှောက်လုံး ပညာကို စဉ်ဆက်မပြတ်သင်ယူလေ့လာစေရေး၊ ၂၁ ရာစု အသိပညာကျွမ်းကျင်မှုများ၊ အရည်အသွေးရှိသည့် ပညာရေးကဏ္ဍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကလေးများတီထွင်ဖန်တီးနိုင်စေရေး၊ မိမိကိုယ်ကို ယုံကြည်စိတ်များရှိလာစေရေး၊ လူမှုပတ်ဝန်းကျင်ကို ရှုထောင့်ပေါင်းစုံမှ ကြည့်မြင်ခံစားတတ်စေရေး၊ အင်္ဂလိပ်စာ အခြေခံကောင်းများရရှိလာစေရေး၊ ယဉ်ကျေးလိမ္မာသော ကလေးများ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများကို ရိုသေလေးစားသောကလေးများ၊ ဘာသာတရားကို မြတ်နိုးတန်ဖိုးထားတတ်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေး တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာသင်တန်းကို နည်းပြ(၁၆)ဦးဖြင့် သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦးအား ဧပြီလ ၂၃ ရက်နေ့မှ မေလ ၉ ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)