ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ Bow ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဥတ္တရသီရိ ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Bow ပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

အခမ်းအနားတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ယနေ့ခေတ် လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး အိမ်တွင်းလက်မှုပညာများ၊ တီထွင်ဖန်တီးမှုပညာရပ်များ၊ သက်မွေးဝမ်းကြောင်းပညာရပ်များ၊ အနုပညာ၊ နည်းပညာရပ်များကို လေ့လာ သင်ယူခြင်းဖြင့် မိမိတို့၏ ဘဝတိုးတက်ရေးအတတ်ပညာများကို ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဒီဇိုင်နာချယ်ရီအောင်သန်းက Bow ပြုလုပ်ရာတွင် ခေါင်းစည်းကြိုး၊ ဆံညှပ်၊ ကလစ်၊ ဆံအုပ်များ ဖန်တီးပုံဖော်နည်း၊ အပွင့်၊ အရွက်၊ အခက်နှင့် အရောင်ရွေးချယ် အသုံးပြုနည်းများကို အသေးစိတ်လေ့ကျင့်သင်ကြားပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဥတ္တရခရိုင်ရုံးမှ ခင်းကျင်းပြသထားသော သုတရသ စာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်ဘုတ်များကို သင်တန်းတက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)