ပုဗ္ဗသီရိ ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာ၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နေပြည်တော်အတွင်းရှိ ကျွဲ၊ နွားတိရိစ္ဆာန်များ ခွာနာလျှာနာရောဂါ ထိန်းချုပ်နိုင်ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျွဲ၊ နွားတိရိစ္ဆာန်များ ခွာနာလျှာနာရောဂါထိန်းချုပ်နိုင်ရေး ကွင်းဆင်း၍ ဟောပြောခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာ ထွေးကိုကို၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ငြိမ်းချမ်း၊ ခရိုင်ဦးစီးမှူး ဒေါက်တာ ဇော်ဝင်းထွန်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကြူကြူသင်းတို့က ခွာနာလျှာနာ FMD ရောဂါ ထိန်းချုပ်ရန် အင်္ဂါရပ်များ၊ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျွဲ၊ နွားများအား နားကပ်တပ်ဆင်ခြင်း အရေးပါပုံနှင့် အကျိုးကျေးဇူးများ၊ ခွေးရူးရောဂါကာကွယ် တားဆီးရေးနှင့် ကူးစက်ရောဂါဖြစ်ပွားမှုများအပေါ် အဆင့်ဆင့်သတင်းပေးနိုင်ရေး၊ ခွာနာလျှာနာ၏ ရောဂါအမျိုးအစားမှာ ကျွဲ၊ နွားတိရိစ္ဆာန်များအတွက် ကူးစက်ရောဂါအမျိုးအစားဖြစ်ပြီး ရောဂါဖြစ်ပွားမှုအချိန်တွင် အစာရေစာစားသောက်ခြင်းမရှိခြင်း၊ ငယ်ရွယ်သော ကျွဲနွားတိရိစ္ဆာန်ဖြစ်ပါက သေဆုံးနိုင်ချေရှိသော ရောဂါအမျိုးအစားဖြစ်ပါ၍ မွေးမြူသူများအနေဖြင့် အထူးသတိပြုရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်းဖြင့် မွေးမြူသူများအတွက် အထိရောက်ဆုံး ကာကွယ်ပေးခြင်းသာမက ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် အသိပညာပေးဟောပြောခဲ့ရာ၊ ပုဇွန်ဆိပ်ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ကိုင်ကြသည့် တောင်သူ(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျွဲ၊ နွားတိရိစ္ဆာန်များ ခွာနာလျှာနာရောဂါ ကာကွယ်နိုင်ရေးအတွက် FMD ကာကွယ်ဆေးများကို နွားအကောင်ရေ(၂၆)ကောင်အား ထိုးနှံပေးခဲ့ပြီး၊ မွေးမြူရေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)