မိုင်းတုံ ဧပြီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အ.ထ.က နားကောင်းမူး စာသင်ကျောင်းတွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု "အ"သုံးလုံး သင်ကြားနေမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူမြင့်အောင်၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေ နားကောင်းမူး အ.ထ.က ကျောင်းအုပ်ကြီး ဦးသိန်းနိုင်၊ မိုင်းဟန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းပီးနှင့် ဆရာဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု "အ"သုံးလုံးသင်ကြားနေသည့် စာသင်သားများ၏ သင်ကြားနေမှုများ၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် တင်ပြမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် စာသင်သူ(၂၄)ဦး၊ စာသင်သား(၁၈)ဦး၊ စုစုပေါင်း(၄၂)ဦးအား ဗလာစာအုပ်(၅၄)ဒါဇင်၊ ခဲတံ(၄၂)ချောင်း၊ ခဲဖျက်(၄၂)ခုနှင့် မြန်မာဖတ်စာအုပ်(၄၂)အုပ်၊ သင်္ချာစာအုပ်(၄၂)အုပ်စီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ယင်းအခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု "အ"သုံးလုံး သင်ကြားနေမှုအတွက် နည်းပြဆရာ(၁၄)ဦးမှ စာသင်ခုံ(၁၄)ခုံဖြင့် သင်ကြားပေးလျက်ရှိရာ စာသင်သား(၄၂)ဦး တက်ရောက်သင်ယူလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ(၈)ရက်နေ့မှ မေလ(၁၇)ရက်နေ့ထိ တစ်ရက်လျှင် ပျမ်းမျှ ၃ နာရီနှုန်းဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ ပြန်/ဆက်)