နေပြည်တော် ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဆည်တာတမံများ ရေဝေရေလဲကောင်းမွန်စေရေးနှင့် သောက်သုံးရေဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ အမှိုက်နှင့် ပလတ်စတစ်များ စနစ်တကျစွန့်ပစ်ရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများအတွက် လိုအပ်မည့် ရေပေးဝေရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်မျှော်တွေးပြီး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့ပြရေပေးဝေရေးကို ရာသီမရွေးလုံလောက်အောင် ပေးဝေနိုင်ရေး၊ ကောင်းမွန်သန့်စင်သည့် ရေအရင်းအမြစ်များ ဖြစ်စေရေး၊ ရေကိုလေလွင့်မှုမရှိစေရေးအတွက် စနစ်တကျသုံးစွဲရေး၊ မြို့တော်၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီအောင် စီမံကိန်းများချမှတ်ပြီး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်းရှိ ဆည်တာတမံများ၏ ရေဝေရေလဲဧရိယာများတွင် သစ်ပင်များကို စိုက်ပျိုးခြင်း၊ ဓမ္မတာမျိုးစပ်ခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးတို့ကို အစီအမံများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ဆည်တာတမံများမှ စိုက်ပျိုးရေများပေးဝေရာတွင် စနစ်တကျရှိစေရေးနှင့် အလေအလွင့်မရှိစေရေး စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြို့ပြနှင့်ကျေးလက်ဒေသများတွင် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရေအရင်းအမြစ်အသစ်များ စူးစမ်းရှာဖွေဖော်ထုတ်၍ မြေအောက်ရေ စက်ရေတွင်းများတူးဖော်ပြီး ရေရရှိရေး စီမံဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဆည်ရေလှောင်တမံများ ရေရှည်တည်တံ့စေရေး၊ သဘာဝသစ်တောများပြုန်းတီးမှု လျှော့ချနိုင်ရေး၊ လျှပ်စစ်ဓာတ်အားများကို စနစ်တကျသုံးစွဲရေးတို့ကို အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သောက်သုံးရေပေးဝေနေမှုအခြေအနေများ၊ ဆည်တာတမံများ ရေဝေရေလဲဧရိယာများတွင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများ၊ နွေရာသီတွင် ရေရှားပါးသည့် ကျေးရွာများအား ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ မြေအောက်ရေရရှိရေး တူးဖော်ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာဒေသများအလိုက် ဆည်မြောင်းတာတမံများ၏ အခြေအနေများ၊ ရေရရှိရေးဆောင်ရွက်မည့် အခြေအနေများ၊ ရေရှားပါးသည့် ကျေးရွာများ ရေပေးဝေခဲ့မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)