ပုဗ္ဗသီရိမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများကောက်ယူ

ပုဗ္ဗသီရိ နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ လာရောက်နိုင်ခြင်းမရှိသည့်အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် နာမကျန်းဖြစ်နေသူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမဲရုံလုံခြုံရေးတာဝန်ရှိသူများ၊ သက်ဆိုင်ရာပါတီကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်သူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ လာရောက်နိုင်ခြင်းမရှိသည့် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် နာမကျန်းဖြစ်နေသူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင်  ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်မှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ လာရောက်နိုင်ခြင်းမရှိသည့် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် နာမကျန်းဖြစ်နေသူများ အတွက် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)