ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ဒဂုံအရှေ့ ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁၃း၀၀) နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေး‌ဦးစွာ စာကြည့်တိုက်လက်‌ထောက်-၃-ဒေါ်တင်နီလာကျော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ မကြွယ်ကြွယ်ရေးသားသည့် “ပန်းတံခါးအဖွင့်” စာအုပ်မှ ဒေါ်ကြွယ်ကြွယ်၏ ကိုယ်ရေးအကျဉ်းကို ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ပြီး ဖေဖေ့အရေး သားသားအတွေး၊ ဆေးပေးမီးယူ၊ ပန်းတံခါးအဖွင့်၊ မခန်းသောစမ်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်၊ ဥာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲများ၊ Talk Show အစီအစဉ်များကို လစဥ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အေးမဥ္ဇူ