ရှမ်းပြည်နယ်မှ လူရည်ချွန် မောင်၊ မယ်များ ပြည်နယ်ဝန်ကြီးချုပ်ထံ သြဝါဒခံယူပွဲ ကျင်းပ

တောင်ကြီး ဧပြီ ၂၄

နေပြည်တော်စုရပ်စခန်းသို့ သွားရောက်မည့် ၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်မှ လူရည်ချွန်မောင်၊ မယ်များသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ သြဝါဒခံယူခြင်းကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။

သြဝါဒခံယူပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူရည်ချွန်မောင်မယ်များအား လေ့လာရေး ခရီးစဥ်များကို စီစဥ်ပြီး လေ့လာစေလိုသည့် ရည်ရွယ်ချက်ကို သိရှိရန်လိုအပ်ပါကြောင်း၊ ရည်ရွယ်ချက်များကို သိရှိမှသာ လေ့လာရေးခရီးစဥ်တွင် ပိုမိုတန်ဖိုးရှိပြီး အကျိုးများစွာရရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဒေသန္တရဗဟုသုတများစွာရရှိစေရန်၊ ပြည်နယ်/ တိုင်းအသီးသီးက လာရောက်တွေ့ဆုံကြသည့် သူငယ်ချင်းမိတ်ဆွေတွေ ရင်းနှီးချစ်ကြည်စေရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်သော ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲလာစေရန်၊ အများနှင့်အတူ သွားလာနေထိုင်ပြောဆိုတတ်သည့် အကျင့်စရိုက်ကောင်းများ ရရှိစေရန်စသည့် ရည်ရွယ်ချက်များနှင့် လူရည်ချွန်မောင်မယ်များကို လေ့လာရေးခရီးစဥ် ပို့ဆောင်ပေးရခြင်းဖြစ်ကြောင်း၊ အခုလိုလေ့လာရေး ပို့ဆောင်ပေးသည့်နေရာတွင် Grade-9 လူရည်ချွန်မောင်မယ်များသည် ပုဂံ၊ Grade-10 သည် တောင်ကြီး၊ Grade-11 က ချောင်းသာစခန်း၊ Grade-12 က ငွေဆောင်စခန်း ပို့ဆောင်ပေးသွားမှုဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များသည် ရည်ရွယ်ချက်အတိုင်း ဒေသန္တရဗဟုသုတများကို စိတ်ဝင်တစားလေ့လာ မှတ်သားခဲ့ကြရန်၊ ဒေသအသီးသီး၏ ဓလေ့ထုံးတမ်းစဥ်လာများကိုလည်း စိတ်ဝင်စားစေချင်ကြောင်း၊ ပြည်နယ်၊ တိုင်းအသီးသီးက လာရောက်ပြီး ဆုံတွေ့ကြရသည့် လူရည်ချွန်အချင်းချင်းမိတ်ဆွေများဖြစ်ပြီး ရင်းနှီးခင်မင်မှုများရကြသည့်အတွက် အဖိုးမဖြတ်နိုင်သည့် ခရီးစဥ်များဖြစ်ပြီး တိုင်းရင်းသားများသွေးစည်းညီညွတ်ကြရန်၊ ချစ်ခင်ရင်းနှီးရန်၊ တစ်ယောက်နှင့်တစ်ယောက် ဖေးမကူညီရန် အတူသွားအတူစား အတူနေထိုင်ရင်း မောင်နှမရင်းပမာ နေထိုင်သွားကြရန်၊ မိမိပြည်နယ်၏ ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူများအား ငွေကျပ်(၈၅)သိန်း ဂုဏ်ပြုချီးမြှင့်ပေးရာ ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ လူရည်ချွန် မောင်မယ်များမှ လက်ခံရယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာနာယက ဒေါ်ညိုမီစောက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းပေးအပ်ရာ လူရည်ချွန်မောင်မယ်များမှ အသီးသီးလက်ခံရယူ၍ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြကြောင်း သိရှိရသည်။                

မောင်မောင်သန်း(တောင်ကြီး)