မော်လမြိုင် ဧပြီ ၂၄
မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအရ ငွေကြေးကုန်ကျစိုက်ထုတ်ရမှု လျော့နည်းစေ၍ လက်လှမ်းမှီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး၊ ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသေးသောသူများတွင် ကြိုတင်၍ရောဂါရှာဖွေစစ်ဆေးခြင်းဖြင့် စောစီးစွာကုသနိုင်ခြင်းကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ရှောင်လွှဲနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအပြင် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးခြင်း အခမ်းအနားဖြစ်ကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် လစဉ်ကျန်းမာရေးစစ်ဆေးပေးမည့် အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း ကျန်ရှိမြို့နယ်များမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးမည့် အစီအစဉ်များ ဆောင်ရွက်နိုင်ရေးမှာကြားထားပြီး ဖြစ်ပါကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့မှုပေးခြင်းအခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ တက်ရောက်လာကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယခုထက်ပိုမို၍ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အထွေထွေရောဂါကုဆေးရုံကြီး ကုတင်(၅၀၀)၌ သမားတော်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးကာ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
မွန်ပြည်နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၂၇,၈၀၃)ဦးရှိပြီး မော်လမြိုင်မြို့နယ်အနေဖြင့် (၉၀၅၇)ဦးရှိကြောင်း၊ ယနေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၃၀၀)ဦးအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆန်(၁)ပြည်နှင့် ကြည်ဥ(၁၀)လုံး အလှည့်ကျစနစ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)