ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာကျင်းပ

ဒဂုံတောင် ဧပြီ ၂၄

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ကျက်‌သရေဆောင် အောင်ဗောဓိဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့သောဘိဏီ ထက်လင်းသိမ်တော်ကြီးတွင် ယမန်နေ့ ညနေ (၃)နာရီက ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဘေးအန္တရာယ်များ ကင်းဝေးစေရေးအတွက် ရည်မှန်းရွတ်ဖတ်သရဇ္စျာယ်သည့် ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် ရွှေကျင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တစန္ဒာသီရိက အခမ်းအနားမှူးအဖြစ် စီစဉ်ဆောင်ရွက်၍ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်ရွှေကျင်ဂိုဏ်း ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာအရှင်ဝိသုဒ္ဓ (ဝိသုဒ္ဓါရာမအေးစေတီကျောင်းတိုက်)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်မှ ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ရခြင်း ရည်ရွယ်ချက်ကို မြွက်ကြားသည်။

ထို့နောက် ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် သံဃနာယကအကျိုးတော်ဆောင် ဘဒ္ဒန္တကောဝိဒ(မဟာသဒ္ဓမဇောတိကဓဇ) မင်္ဂလာသိဒ္ဓိကျောင်းတိုက်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူကြသည်။

အဆိုပါ အခမ်းအနားသို့ စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ ဘန္ဓကဆရာတော်များ မြို့နယ်စစ်ကြောင်းမှူး ဗိုလ်မှူးအောင်လှိုင်မြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်၊ အဖွဲ့ဝင် (၂) ဦးသန်းဦး ခရိုင်ကြံခိုင်ရေး ဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးနှင့် ကော်မတီဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူး၊ မြို့နယ်ဥပထမ္မကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဦးဖိုးလှစေတီတော် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောင်‌ဗောဓိဆုတောင်းပြည့်စေတီတော် ဂေါပကအဖွဲ့ဝင်များ၊ (၂၀)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်မှ သာသနာရေး ကိစ္စရပ်များကို လျောက်ထားပြီး အောင်‌ဗောဓိဆုတောင်းပြည့်စေတီတော် အလှည့်ကျဥက္ကဋ္ဌ ဦးချစ်သိန်းမှ ကျေးဇူးတင်စကားပြောကြားကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)