တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ၂၀၂၄ ခုနှစ် လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်

အောင်မြေသာစံ ဧပြီ ၂၄

၂၀၂၄ ခုနှစ် လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်းသင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းတို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ လူရည်ချွန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးမှ မျိုးဆက်သစ် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူဆရာ၊ ဆရာမများ၊ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ထောက်ပံ့ငွေကျပ် ၆၈ သိန်းပေးအပ်ခဲ့ရာ လူရည်ချွန်မောင်မယ်များက လက်ခံရယူကြသည်။

ထို့နောက် လူရည်ချွန်မောင်မယ်များကိုယ်စား  သုံးထပ်ကွမ်းလူရည်ချွန် Grade 12 ကျောင်းသား မောင်သိန်းတိုးအောင်က ကျေးဇူးတင်စကားပြောကြားသည်။

၎င်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားပြီးစီးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အမှတ်တရ ထီးများ လက်ဆောင်ပေးအပ်ကြသည်။

မန္တလေးတိုင်းဒေသကြီးမှ လူရည်ချွန်မောင်မယ်များဖြစ်သည့် Grade 9၊ Grade 10 ၊ Grade 11 ၊ Grade 12 ကျား ၈ ၊ မ ၈ ဦးစီ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ကျား ၃၂ ၊ မ ၃၂ ၊ ကြီးကြပ်သူ ၄ ဦး၊ စုစုပေါင်း ၆၈ ဦးရှိကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)