မိုင်းယောင်းမြို့နယ်၌ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းယောင်း ဧပြီ ၂၄

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာများကို စိုက်ပျိုးကြပြီး ယခုအခါ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် မြေပဲကို ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ မုန်းလိုက်ကျေးရွာအုပ်စုနှင့် ဟောင်ကြန့်ကျေးရွာအုပ်စုတို့တွင် အများဆုံးစိုက်ပျိုးကြပြီး တစ်ဧက မျိုးဖိုး၊ ထွန်ယက်ခ၊ လုပ်အားခ၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ သွင်းအားစုပစ္စည်း အပါအဝင် ငွေကျပ် ခုနစ်သိန်းခန့် ကုန်ကျကြောင်း၊ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပိုးမွှားကာကွယ်ရေး နည်းစနစ်များ၊ ကွင်းသရုပ်ပြပွဲများ ကျင်းပခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေး လျက်ရှိကြောင်း သိရသည်။

ဝေဝေခိုင်