သံဖြူဇရပ်မြို့နယ်အတွင်း သောက်သုံးရေပြတ်လတ်မှုမရှိစေရေး နေ့စဥ်သွားရောက်လှူဒါန်း

သံဖြူဇရပ် ဧပြီ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေပြတ်လတ်မှုမရှိစေရေး အခက်အခဲရှိနေသည့် ပြည်သူများအား နေ့စဥ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ပြည်သူ့များအား သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရေပေးဝေရေးကော်မတီ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ၏လှူဒါန်းငွေဖြင့် နေ့စဥ်ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဥ် (၂) စီး၊ မီးသတ်ယာဥ် (၁) စီး၊ ပုဂ္ဂလိကယာဥ် (၁) စီး၊ စုစုပေါင်းရေသယ်ယာဥ် (၄) စီးတို့ဖြင့် ယနေ့တွင် ရေဂါလံ (၄၈၂၀၀) အား အမှတ် ( ၃၁) ခြေလျှင်တပ်ရင်းအဝီစိတွင်းမှ ရေရှားပါးသည် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံသို့ သွားရောက်ဖြန့်ဝေပေးလျက်ရှိ​သည်။

အလားတူ ကျိုက္ခမီမြို့တွင်လည်း သောက်သုံးရေအခက်အခဲရှိ၍ လိုအပ်နေသော ဘုန်းတော်ကြီးကျောင်းများနှင့် ပြည်သူများအား ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးဂေါပကအဖွဲ့၏ဦးဆောင်မှုဖြင့် နေ့စဥ်ရေဂါလံ (၂၅၀၀၀) ခန့် လှူဒါန်းပေးလျက်ရှိကြောင်း ရေပေးဝေရေးအဖွဲ့ထံမှ သိရသည်။

 မြို့နယ် (ပြန်/ဆက်)