ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး ကျင်းပ

တောင်ကြီး ဧပြီ ၂၄

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသလို ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရန်အတွက် ကော်မတီဝင်များသာမက ဆက်စပ်ဦးစီးဌာန၊ လုပ်ငန်းများအားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလေးနိုင်မှ Heho Potato Company Limited ၏ အအေးခန်း သိုလှောင်ရုံတည်ဆောက်၍ မျိုးအားလူးနှင့် ချင်း(ဂျင်း)များ သိုလှောင်ဝန်ဆောင်မှုပေးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရန် အတည်ပြုမိန့် လျှောက်ထားတင်ပြလာခြင်း အပေါ်ရှင်းလင်း တင်ပြသည်။

ထို့နောက် Heho Potato Company Limited မှ အတည်ပြု မိန့်လျှောက်ထားသည့် အအေးခန်းသိုလှောင်ရုံ တည်ဆောက်၍ မျိုးအားလူးနှင့် ချင်း(ဂျင်း)များ သိုလှောင်ဝန်ဆောင်မှုပေးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ ကုမ္ပဏီတာဝန်ရှိသူများမှ အသီးသီးရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီများက အထွေထွေဆွေးနွေးကြ၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကား ပြောကြား​ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခု ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၇)ခု ရင်းနှီးမြှုပ်မှု ပမာဏအမေရိကန်ဒေါ်လာ (၇.၅၉၂)သန်း အပါအဝင် ကျပ်သန်း(၄၃,၈၂၃.၉၀၂))ကို ခွင့်ပြုပေးထားခဲ့ပြီး အဆိုပါ လုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၁၄၅၂)ဦးနှင့် ပြည်ပ(၆၈)ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)