တာမွေမြို့နယ်တွင် ယာယီမဲရုံများ ဆောက်လုပ်ပြီးစီးနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၆

ရန်ကုန်တိုင်း​ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ(၈)ရက်နေ့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့်  အဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ဒဂုဏ်လွင်လမ်းနှင့် ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်ရှိ ဗျိုင်းရေအိုးစင်လမ်းတို့တွင် ယာယီမဲရုံများ ဆောက်လုပ် ပြီးစီးနေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်ရှိန် နှင့် ဦးဌေးအောင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ရန်ကုန်တိုင်း​ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယာယီမဲရုံများ ဆောက်လုပ်ပြီးစီးနေမှု အခြေအနေ များအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မဲရုံတစ်ရုံမှာ ရှိရမည့် နေရာအကျယ်အဝန်း၊ အကာအရံနှင့် အမိုးများ လုံခြုံမှု ရှိ/မရှိ ၊ လျှပ်စစ်မီး လုံလောက်စွာ ရရှိခြင်း ရှိ/မရှိ နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ညွှန်ကြားထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စသည်တို့ကို အဓိကထား စစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၂၇၀၉၅)ဦးထိရှိပြီး ယာယီမဲရုံ(၃)ရုံ အပါအဝင် မဲရုံပေါင်း(၁၂၃)ရုံရှိကာ အဆိုပါ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)