ကျိုက်မရော ဧပြီ ၂၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ရာသီမရွေးစိုက်ပျိုး၍ရသော ငရုတ်ပင်များ အောင်မြင်ဖြစ်ထွန်း၍ ငရုတ်စီးပွားဖြစ် စိုက်ပျိုးသူများစျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ငရုတ်ပင်သည် ပူနွေးသော ရာသီဥတုကို နှစ်သက်၍ ပူလွန်း၊ အေးလွန်းသော ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပြီး အများဆုံးစိုက်ပျိုးလေ့ရှိသည့် ငရုတ်သီးမျိုးမှာ မိုးထောင်မျိုး (အရပ်အခေါ်) မိုးမျှော်သီးငရုတ်ကို အတန်းလိုက် စနစ်တကျ စိုက်ပျိုးလေ့ရှိကြပြီး ငရုတ်ပွမျိုးနှင့် အတောင့်ရှည်မျိုးကိုတော့ ဆောင်းရာသီအေးတဲ့အချိန်မှသာ စိုက်ပျိုးကြသည်။
စိုက်ပျိုးချိန်ပေါ်မူတည်ပြီး မိုးကြိုငရုတ်၊ မိုးငရုတ်၊ ဆောင်းငရုတ်ဟု အမည်တပ်ခေါ်ကြသလို စိုက်ပျိုးသည့် မြေအမျိုးစားအလိုက် လယ်ငရုတ်၊ ကိုင်းငရုတ်ခွဲခြား၍ စိုက်ပျိးကြပြီး ငရုတ်စိုက်ပျိုးသည့်မြေကို မုန့်ညက်သည်အထိ ပြုပြင်ရပြီး ထိုမြေအား နွားချေး၊ မြေကျက်စသည့် သဘာဝဓတ်မြေသြဇာများ၊ ယူးရီးယားတီစူပါစသည့် မြေသြဇာများကို အချိုးကျ သမအောင်ရောမွှေပြီး ထည့်ပေးရကြောင်းကို အောင်သုခရပ်ကွက်မှ ငရုတ်ပင်စီးပွားဖြစ် စိုကိပျိုးသူ ဦးမြင့်ဌေးထံမှ သိရသည်။
ယခုချိန်တွင် ငရုတ်သီးများစတင်သီးကာ ကဆုန်လပြည့်ကျော်ရောက်မှ လှိုင်လှိုင်ထွက်ရှိမည်ဖြစ်၍ စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ဦးမြင့်ဌေးထံမှ သတင်းရရှိသည် ။
မိချို (ပြန်/ဆက်)