နေပြည်တော် ဧပြီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ လူရည်ချွန် မောင်မယ်များ ဩဝါဒခံယူတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပညာရေးမှူနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းဆရာကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း အခြေခံပညာကျောင်းများမှ လူရည်ချွန်အဖြစ် ရွေးချယ်ခံရသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ယူပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအား ကျောင်းသင်ခန်းစာ၊ စာပေဗဟုသုတများ ရရှိစေရေး၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရေး၊ ယဉ်ကျေးလိမ္မာစေရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသင်းအဖွဲ့စိတ်ဓာတ်များဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ဘက်စုံထူးချွန်ထက်မြက်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်စေရေးတို့ကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများ၊ အပန်းဖြေစခန်းများ သွားရောက်လေ့လာရာတွင် ဒေသန္တရဗဟုသုတများ၊ အတွေ့အကြုံများကို လေ့လာမှတ်သားခဲ့ပြီး အခြားကျောင်းသား/ ကျောင်းသူများအား ပြန်လည်မျှဝေပေးစေလိုကြောင်း၊ လူရည်ချွန်မောင်မယ်များနှင့်အတူ လိုက်ပါကြီးကြပ်ကြမည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့တာဝန်ယူရမည့် လူရည်ချွန်စခန်းများ အလိုက် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး၊ နေထိုင်စားသောက်ရေး အစစအရာရာ ဘေးကင်းလုံခြုံစေရေးတို့ကို အလေးထားကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူများက တစ်ဦးချင်းဂါရဝပြု မိတ်ဆက်ကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာမ တစ်ဦးတို့က လက်ခံရယူကြပြီး လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် လူရည်ချွန် မောင်မယ်များ၊ ကြီးကြပ်ဆရာ/ဆရာမများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး လူရည်ချွန် မောင်မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)