နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းဆရာကြီး ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များကို အသိပညာသစ်များ၊ တတ်ကျွမ်းမှုများ ရရှိလာစေရေးနှင့် လက်တွေ့ဘဝတွင် အသုံးချနိုင်ရန်နှင့် အင်္ဂလိပ်စာအခြေခံ ကောင်းများရရှိပြီး အင်္ဂလိပ်သဒ္ဒါကို မှန်ကန်စွာ အသုံးချတတ်စေရန်အတွက် ကျွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းကိုလည်းကောင်း၊ မျိုးဆက်သစ်လူငယ်များ ကိုယ်အမူအရာ နှုတ်အမူအရာ နူးညံ့သိမ်မွေ့စေရန်နှင့် စာရိတ္တကောင်းမွန်စေရန်အတွက် ယဉ်ကျေးလိမ္မာသင်တန်းကို လည်းကောင်း၊ စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးလိုစိတ် တိုးပွားလာစေရေး၊ ကိုယ့်ကိုယ်ကို ပိုမိုယုံကြည်မှုရှိလာစေရေး၊ လူမှုပတ်ဝန်းကျင်ကို ရှုထောင့်ပေါင်းစုံမှ ကြည့်မြင်ခံစားတတ်စေရေးအတွက် ပန်းချီသင်တန်းကိုလည်းကောင်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြပြီး မိမိဘဝတစ်လျှောက်တွင် အသုံးချနိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယဉ်ကျေးလိမ္မာသင်တန်းအတွက် (၃၈) ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်လှုဒါန်းရာ ဇမ္ဗူသီရိမြို့နယ် ပညာရေးမှူး ဦးဝင်းနိုင်က လက်ခံရယူပြီး နေပြည်တော် ကိုယ်ပိုင်ကျောင်းများအသင်း နာယက ဦးစိုးလှိုင်က ကွန်ပျူတာ၊ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းများအတွက် သင်ထောက်ကူစာအုပ်များကို ပေးအပ်လှူဒါန်းရာ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက လက်ခံရယူသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည့် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်အား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ယနေ့ဖွင့်လှစ်သည့် နွေရာသီ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာနှင့် ပန်းချီသင်တန်းများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် ဧပြီ (၂၃) ရက်နေ့မှ မေလ ၉ ရက်နေ့အထိ တစ်ပြိုင်တည်း စာတွေလက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ရာ မြို့နယ်များအလိုက်သတ်မှတ် အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၉၀) ဦးတို့ တက်ရောက်သင်ကြားလျက်ရှိသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်မြို့မဈေးအတွင်း ကုန်စိမ်းဈေးတန်း၊ သားငါးဈေးတန်း၊ ဆန်၊ ဆီ ဈေးဆိုင်ခန်းများတွင် ဈေးရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဈေးအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)