ဇေယျာသီရိ ဧပြီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ နွေရာသီအခြေခံကွန်ပျူတာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကွန်ပျူတာဘာသာကို အခြေခံမှစ၍ အသုံးပြုတတ်စေရန်ရည်ရွယ်၍ဖွင့်လှစ် ခြင်းဖြစ်ရာ “ ကျွန်တော်တို့အနေနဲ့ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ သူတို့အတွက် အကျိုးရှိစေမည့်သင်တန်းများ နှစ်စဉ်ဖွင့်လှစ်ပေးပါတယ်၊ ခုကတော့ အခြေခံကွန်ပျူတာသင်တန်းဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဦးဆောင်မှုနဲ့ဖွင့်လှစ်တာဖြစ်ပါတယ်၊ နည်းပညာဖွံ့ဖြိုးတိုး တက်နေတဲ့ခေတ်မှာ ကွန်ပျူတာကို ကလေးများအသုံးပြုတက်ဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုလစ်ဟာမှုမရှိစေဘဲ အတတ်ပညာတစ်ခုခု တက်မြောက်စေရန် ရည်ရွယ်ပြီး ကွန်ပျူတာအခြေခံသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်” ဟု ရေဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုး၏ပြောပြချက်အရ သိရသည်။
အဆိုပါသင်တန်းကို ဧပြီလ ၂၃ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ရေဆင်းကျေးရွာအတွင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)