နေပြည်တော် ဧပြီ ၂၄
စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် (၁၈၂၆) ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရေး၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့်သွင်းပေးရေးနှင့် ရိတ်သိမ်းရာတွင် အလေအလွင့်အနည်းဆုံးနှင့် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများတွင်ကျယ်စွာ အသုံးပြုရေးနှင့် စိုက်ပျိုးရေကို အလေအလွင့်မရှိ စနစ်တကျသုံးစွဲရေးတို့ကို အလေးထားလိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နွေစပါးနှင့် နွေသီးနှံများကို လျာထားချက်စိုက်ဧက ပြည့်မီရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းနှင့် စံအထွက်နှုန်းများထွက်ရှိအောင် အထူးအလေးထားကြိုးစား ဆောင်ရွက်စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းပိုမိုတိုးတက်မှသာ ပြည်တွင်း စားသုံးဆီ ဖူလုံမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ဆီထွက်သီးနှံကို အထူးအလေးထား စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကောက်စိုက်စက်နှင့် လယ်ယာသုံးစက်ကိရိယာများဖြင့် စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ တောင်သူ ဦးသန်းငွေ၏ လယ်မြေတွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြသမှုနှင့် ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)