ကျိုင်းတုံ ဧပြီ ၂၄
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျိုင်းတုံခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါ ခရိုင်အဆင့်ပြိုင်ပွဲတွင် မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ၊ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး၊ ဥာဏ်ရည်လဲရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ် စသည့် ခေါင်းစဉ်များဖြင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပြိုင်ပွဲကို ကျိုင်းတုံခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်နေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အတွင်းရေးမှူး ရဲမှူးကြီး အေးသိန်း၊ အမှတ်(၇) မူးယစ်တပ်ဖွဲ့ခွဲ(ကျိုင်းတုံ)မှ ဒုတိယရဲမှူးကြီး သန်းအောင်၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်နောင်စိုး၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးနိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)