ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းဆောင်ရွက်

 

ကလော          နိုဝင်ဘာ            ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရွေးကောက်ပွဲနေ့ တွင် တာဝန် ထမ်းဆောင်ကြမည့်ဝန်ထမ်းများ၊ခရီးသွားလာမည့်ဝန်ထမ်းများ ၊ မသန်စွမ်းသူများနှင့်ကျန်း မာရေး မကောင်းသည့်  မဲဆန္ဒရှင်များ  ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ  ၂၉ ရက်နေ့  နံနက် ပိုင်းမှစ၍  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကျင်းပလျက်ရှိသည်။

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သည့်အချိန်မှာ ကိုဗစ်-၁၉ ရောဂါ ကာလ ဖြစ်သောကြောင့် ကြိုတင်ပေးမည့် မဲဆန္ဒရှင်များ အဆင်ပြေမဲပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်  - ၁၉  ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ  စနစ်တကျ ဆောင်ရွက် ပေးလျက် ရှိပြီး သက်ဆိုင်ရာ မဲရုံများသို့ ကြိုတင်မဲလာရောက်မပေးနိုင်သည့် မသန်စွမ်းသူများ သက်ကြီး ရွယ်အိုများ နှင့်ကျန်းမာရေးမကောင်းသူများကို ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဝင်များ၊ သက်ဆိုင်ရာ နယ်မြေမှူးများနှင့် တာဝန်ကျမဲရုံအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ကြိုတင်မဲပေးသည့်   စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကလောမြို့နယ်အတွင်းရှိ    ရပ်ကွက်(၂၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၆) အုပ်စု တွင် မဲဆန္ဒရှင် ဦးရေ (၁၃၅၈၁၂)ဦးရှိပြီး မဲရုံပေါင်း(၁၄၁)ရုံရှိရာ အောက်တိုဘာလ၂၉ရက်နေ့ နံနက် ပိုင်းမှစ၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သင်းသင်းမော်(ပြန်/ဆက်)