တောင်ကြီးမြို့၌ နွေရာသီအဆင့်မြင့်  အားကစားသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ကြီး ဧပြီ ၂၄

ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများဖွင့်ပွဲကို ဧပြီ (၂၂) ရက် ညနေ (၃)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်လူငယ်ရေးရာကော်မတီစသည့် ကော်မတီ (၃) ရပ် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး စုစုပေါင်းအဖွဲ့ဝင် (၂၅) ဦးနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်(၃)ရပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယနေ့ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့်အားကစားသင်တန်းများကို တက်ရောက်လာကြသည့် လူငယ်မောင်/မယ်များသည် ရှမ်းပြည်နယ်က ၂၀၂၄ခုနှစ် မတ်လ(၁)ရက်မှ ဧပြီလ(၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစားသင်တန်းများကို တက်ရောက်အောင်မြင်ပြီးကြသူများဖြစ်ပါကြောင်း၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများအပါအဝင် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းများ၏ စုစည်းညီညွတ်မှုစွမ်းအားဖြင့် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော၊ ကိုယ်ကျင့်တရားကောင်းမွန်သော၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော၊ တာဝန်ယူမှု၊ တာဝန်မခံမှုရှိသော၊ လူ့ကျင့်ဝတ်လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓါတ်ကောင်းမွန်သော လူကောင်းလူတော်များ မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အားကစားနည်းပြ အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်တို့က ဘင်ခရာတပ်ဖွဲ့နှင့် အားကစားနည်းအလိုက် အထောက်အကူပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အလားတူ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပရာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝမ်းက လူငယ်နှင့် ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းန္ဒသီက လူငယ်နှင့် ပညာရေးခေါင်းစဥ်ဖြင့် လည်းကောင်း၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောကြားပြီး မြန်မာနိုင်ငံပထဝီဝင်ဆိုင်ရာ အချက်အလက်များ၊ ဉာဏ်စမ်းမေးခွန်းများ၊ မေးမြန်းခြင်းနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)