ပြင်ဦးလွင် ဧပြီ ၂၄
ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါလွင် ဦးဆောင်သော တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ ကုန်းသာကြီးအုပ်စု၊ ကုန်းသာကြီးကျေးရွာရှိ သစ္စာရောင်ခြည်စာကြည့်တိုက်သို့ သွားရောက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်ကက ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး စာအုပ်စာစောင်များတိုးပွားရေး၊ ဒေသတွင်းရှိပြည်သူများမှ အားကိုးအားထားပြုသည့်ကျေးရွာစာကြည့်တိုက်များဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလလုပ်ငန်းများကို စိတ်ပါဝင်စားစွာဆောင်ရွက်ရေး၊ စာဖတ်သည့်ပြည်သူများတိုးပွားရေးတို့အတွက် ဆွေးနွေးဆောင်ရွက်ခဲ့ရာကုန်းသာကြီးကျေးရွာရှိ သစ္စာရောင်ခြည်စာကြည့်တိုက်၏ စာကြည့်တိုက်မှူး ဒေါ်ခိုင်ဇာထွေးက သိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်း သည်။
ထို့နောက် ကုန်းသာကြီးကျေးရွာရှိ သစ္စာရောင်ခြည်စာကြည့်တိုက်သို့ စာရေးဆရာ ကိုရွှေအောင်သင်းက မဂ္ဂဇင်းအုပ်ရေ (၅၀) ပေးအပ်လှူဒါန်းရာ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းနှင့် အပြင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)