ကချင်ပြည်နယ်ဝန်ကြီးချုပ် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများဖွင့်လှစ်

မြစ်ကြီးနား ဧပြီ ၂၄

ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီက ကြီးမှူး၍ ပြည်နယ်အားကစားဆပ်ကော်မတီ အသီးသီးနှင့် ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းသားလူငယ်များအတွက် အားကစားနည်း (၁၅)မျိုးဖြင့် ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီခွဲက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းများဖွင့်ပွဲတွင် ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူငယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်သည့်အပြင် လူငယ်များ၏ ကျင့်ဝတ်၊ လူ့တန်ဖိုး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဦးဆောင် မှုအရည်အသွေးများ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ ပိုမိုမြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်တစ်ချိန်တွင် ကချင်ပြည်နယ်၏ ဂုဏ်ကိုအားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်မည့် အားကစားလူရည်ချွန်များ၊ ပြည်နယ်၏ အနာဂတ်တွင် ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် စွမ်းရည် ပြည့်ဝသော လူတော်လူမော်များဖြစ်လာအောင် ပြုစုပျိုးထောင် မွေးထုတ်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မတ်လ (၁)ရက်နေ့မှ ဧပြီလ (၇)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် နွေရာသီအားကစား သင်တန်းများအပြီး ထပ်မံ၍ ဆက်လက်ဖွင့်လှစ်သွားမည့် အဆင့်မြင့်အားကစားနည်း သင်တန်းများ ဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ တင်းနစ်၊ ဂျူဒို၊ ကရာတေးဒို၊ ဝူရှုး၊ Fitness Dance နှင့် အေရိုးဗစ် သင်တန်း၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ ပိုက်ကျော်ခြင်း စသည့်အားကစားနည်းအလိုက် သရုပ်ပြသခဲ့ကြမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြသခဲ့သည့် အားကစားနည်းအလိုက် တာဝန်ရှိသူများအား ထောက်ပံ့ငွေကျပ် ၁၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)