မူကြိုကျောင်းများမှ ဆရာ၊ ဆရာမများအတွက် “စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း” ဖွင့်လှစ်

ရန်ကုန် ဧပြီလ ၂၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သော “ရင်သွေးငယ်ကြက်ခြေနီ” စီမံချက်ဝင် မူကြိုကျောင်းများမှ ဆရာ၊ ဆရာမများအတွက် ဖွင့်လှစ်သည့် “စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဒေါ်မာလာဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ယင်းနောက် မူကြိုနေ့ကလေးထိန်းကျောင်းများသို့ ရှေးဦးပြုစုခြင်းဆေးအိတ်များကို ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ အသင်းအချိန်ပြည့်/ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်ကြမည့် မူကြိုကျောင်းများမှ ဆရာမများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို မူကြိုအရွယ်ကလေးငယ်များအနေဖြင့် ငယ်ရွယ်စဉ်ကာလကတည်းက ကြက်ခြေနီလူမှုကရုဏာဆိုင်ရာ စိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ ကြက်ခြေနီအခြေခံမူများနှင့် သိကောင်းစရာများအား စတင်သိရှိစေရန်၊ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအပြင် မိဘ/ အုပ်ထိန်းသူများမှ ပါဝင်အားဖြည့်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

အဆိုပါသင်တန်းကိုဧပြီလ(၂၃) ရက်နေ့မှ ဧပြီလ(၂၆)ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းသို့ မူကြိုကျောင်းများမှ ဆရာမ (၃၁) ဦး တက်ရောက်လျှက်ရှိကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)