ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနားတက်ရောက်

စစ်တွေ  ဧပြီ  ၂၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ဂုဏဝိသိဋ္ဌ ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့လယ် ၁ နာရီက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးများနှင့် ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်းလင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဘွဲ့ရဆရာတော်ကြီးများ၏ တပည့်တကာ၊ တကာမများနှင့် အလှူရှင်များတက်ရောက်ပူဇော်ကြသည်။

ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ စည်တော်တီးကာ ရတနာသုံးပါး ဂုဏ်တော်ကို ပူဇော်ကြသည်။ ဆက်လက်၍ ထူးမခြားနားသီချင်းဖြင့်ပူဇော်သည်။

ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသောဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး အဘိ ဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်က သမ္မောဒနီယ ဩဝါဒကထာ မိန့်ကြား ချီးမြှင့်တော်မူသည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၄ ခုနှစ် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထပ်ဆင့်ဂုဏ်ပြုလွှာနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ၊ ပြည်နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စစ်တွေမြို့၊ ရွှေစေတီပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဒေါက်တာ  ဘဒ္ဒန္တအရိယဝံသ မဟာထေရ် မြတ်ထံမှပြည်နယ်ဝန်ကြီးချုပ် အမှူး ပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။

ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိတု’’ သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ အောင်စေသံတီးခတ်ပြီး အခမ်းအနားကို ရုပ်သိမ်းကြ သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ဂုဏဝိသိဋ္ဌပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရဆရာတော်တစ်ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်တစ်ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော် တစ်ပါး၊ မဟာသဒ္ဓမ္မဇောတိ ကဓဇတစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော် တစ်ပါးတို့ကို ထပ်ဆင့်ဂုဏ်ပြုလွှာနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)