ကျောက်တံတား နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်အထွေထွေ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထူးကျော်က ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် လုံခြုံရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဌာနဆိုင်ရာများကို Sector အလိုက် တာဝန်များ ခွဲဝေချထားပေးမှုများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ကျန်းမာရေးနှင့် ပတ်သက်၍ ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးမြသီတာက ရွေးကောက်ပွဲနေ့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် သိရှိလိုသည်အချက်များကို အသေးစိတ် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရွှေနန်းမေ