ပုဗ္ဗသီရိ ဧပြီ ၂၄
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဇေယျာသီရိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါ်ဇာဇာဇင်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးများ၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ Knowledge Age "ပညာခေတ်" တွင် အချိန်နှင့်အမျှ တိုးတက်စေရေး၊ နည်းပညာ၊ တီထွင်ဆန်းသစ်မှုများအား အရည်အသွေးအာမခံနိုင်ရန် လေ့ကျင့်ပျိုးထောင်ကာ မွေးဖွားချိန်မှစ၍ ဘဝတစ်လျှောက်လုံး ပညာကို စဉ်ဆက်မပြတ်သင်ယူစေရေး၊ ၂၁ရာစု အသိပညာကျွမ်းကျင်မှုများ၊ အရည်အသွေးရှိသည့် ပညာရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကလေးများ တီထွင်ဖန်တီးနိုင်စေရေး၊ မိမိကိုယ်ကို ယုံကြည်စိတ်များ ရှိလာစေရေး၊ လူမှုပတ်ဝန်းကျင်ကို ရှုထောင့်ပေါင်းစုံမှ ကြည့်မြင်ခံစားတတ်စေရေး၊ အင်္ဂလိပ်စာအခြေခံကောင်းများရရှိလာစေရေး၊ ယဉ်ကျေးလိမ္မာသော ကလေးများ ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများကို ရိုသေလေးစားသော ကလေးများ ၊ ဘာသာတရား မြတ်နိုးတန်ဖိုးထား တတ်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေး တိုက်တွန်းပြောကြားခဲ့ကာ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်မည့် ကျောင်းသား ကျောင်းသူများအတွက် (၃၈) ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုး၊ ပြည်သူ့နီတိစာအုပ်များ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းများအတွက် သင်ထောက်ကူစာအုပ်များအား ပေးအပ်ခဲ့သည်။
အဆိုပါ နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာသင်တန်းကို နည်းပြ(၁၂)ဦးဖြင့် သင်တန်းသား၊ သင်တန်းသူ(၁၅၀)ဦးအား ဧပြီလ(၂၃)ရက်နေ့မှ မေလ(၉)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)