သထုံမြို့‌နယ်အတွင်းရှိ ‌သောက်သုံးရေအခက်အခဲရှိရာနေရာများအား အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ ရေလှူဒါန်း

သထုံ      ဧပြီ       ၂၃

မွန်ပြည်နယ်၊ သထုံမြို့‌နယ်အတွင်း ယခုနှစ်ပူပြင်းခြောက်သွေ့သည့်ကာလ၌ ရေအခက်အခဲဖြစ်ရာနေရာများသို့ အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ စဉ်ဆက်မပျက် သောက်သုံးရေများလှူဒါန်းခဲ့ရာ ယနေ့အထိ သောက်သုံးရေ ဂါလံပေါင်းနှစ်သိန်းနီးပါးခန့် လိုက်လံလှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

"အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ ကျွန်တော်တို့အသင်းက နှစ်စဉ်လိုက်လှူတယ်။ ရေလိုအပ်ရင် အကူအညီတောင်းကြဖို့ အသင်းကလည်း အမြဲထုတ်ပြန်ပေးထားပါတယ်။ အများအားဖြင့် ဘုန်းတော်ကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေကို ဦးစားပေးလှူတာပေါ့။ မြို့ပေါ်ရပ်ကွက်တွေရော ကျေးရွာတွေပါ နေရာအနှံ့ပါဘဲ အဓိကအခက်အခဲကတော့ စက်သုံးဆီပါ" ဟု အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။

သထုံမြို့နယ်အတွင်း အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းအနေဖြင့် ရေအခက်အခဲဖြစ်ရာနေရာများကို ပြီးခဲ့သည့် မတ်လ (၁)ရက်နေ့မှစတင်ကာ အသင်းပိုင်ဂါလံ(၃၅၀၀)ဆံ့ ရေသယ်ယာဉ်တစ်စီး၊ ဂါလံ(၁၁၀၀)ဆံ့ ရေသယ်ယာဉ်တစ်စီး စုစုပေါင်းရေသယ်ယာဉ်နှစ်စီးတို့ဖြင့် လိုက်လံလှူဒါန်းပေးခဲ့ရာ ဂါလံပေါင်း(၁၉၀၀)ကျော် လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။

အလားတူ သထုံမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့အစရှိသည့် ဌာနဆိုင်ရာများနှင့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များကလည်း ရေအခက်အခဲဖြစ်နေကြသည့် ပြည်သူများထံစဉ်ဆက်မပြတ် လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)