မုဒုံ ဧပြီ ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကန်ကြီးကန်ပတ်လမ်းရှိ ယာဝဘောဇနဘုန်းကြီးကျောင်း၏ ရေသိမ်တော် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ကမာဝက်မြို့ ခြင်္သေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာကုမာရထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဆရာတော်သံဃာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ရေသိမ်တော်အား အလှူရှင်စေတနာရှင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀၀၀)အကုန်ကျခံဆောက်လုပ်ခဲ့ရာ ဆရာတော်ကြီးထံမှ အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းရာ ရွှေမိုးငွေမိုးရွာသွန်းဖြိုး၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား ထမင်း၊ ဟင်းများနှင့် အအေးများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)