မော်လမြိုင် ဧပြီ ၂၃
မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားကလပ်ပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ အားကစားကွင်းအတွင်းသို့ နေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပခြင်း၊ အားကစားသင်တန်းများဖွင့်လှစ်ပေးခြင်း၊ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘောလုံးအားကစားနည်းသည် လူအများကြိုက်နှစ်သက်သည်နှင့်အညီ ပြိုင်ပွဲများကျင်းပပြုပေးခြင်းဖြင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာပြီး မျိုးဆက်သစ်လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ ကလပ်အသင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အားကစားသမားအရည်အချင်းနှင့် နေရာဒေသကန့်သတ်ချက်မရှိ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသည့်အတွက် ဘောလုံးပြိုင်ပွဲများအနက်အဆင့်မြင့်သည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေနှင့် ကောင်းမွန်သည့် ယှဉ်ပြိုင်ခြင်း၊ သန့်ရှင်းစွာကစားခြင်း၊ တစ်ဦးနှင့် တစ်ဦး ဖေးမကူညီကြခြင်းဖြင့် ဘောလုံးအားကစား၏ အနှစ်သာရကို ပေါ်လွင်အောင် ယှဉ်ပြိုင်ကစားကြရန်နှင့် နိုင်ငံတော်မှအားထားရသည့် ဘောလုံးအားကစားသမားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းပြောကြားကာ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွက်ဆိုပြီး မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသင်းမောင်စိုးက ပြိုင်ပွဲဝင်အသင်းများသို့ တစ်သင်းလျှင် ငွေကျပ်သုံးသိန်းစီ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြကာ အဖွင့်ပွဲစဉ်အဖြစ် Marvel ဘောလုံးကလပ်အသင်းနှင့် ဒိုးကလေးဘောလုံးကလပ်အသင်းတို့ ယဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၁၆)သင်းဖြင့် ဧပြီလ ၂၂ ရက်နေ့မှ မေလ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်