ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် (၄၉) ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ချောင်းဆုံ ဧပြီ ၂၃

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ရှေးအစဉ်အလာမပျက်ဧည့်သည်ခေါ် ဘုရားပွဲတော်များကို ဧပြီလ လဆန်းပိုင်းမှစတင်၍ တစ်ရွာတစ်ရက်ကျင်းပပြီး မွန်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ဖြစ်သည့် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုကို ထည့်သွင်းကျင်းပ ပြုလုပ်လျက်ရှိသည့် ကမာမိုကျေးရွာဘုရားပွဲ၌ ယမန်နေ့ ညနေပိုင်းက (၄၉) ကြိမ်မြောက် ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကမာမိုကျေးရွာ ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို (၁၉၇၅) ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာ ယခုဆိုရင် (၄၉) ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း လူငယ်မျိုးဆက်သစ်တွေ မိမိယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်ဖို့အတွက် ရည်ရွယ်၍ ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ်အနေဖြင့် အရင်တုန်းကဆိုရင် မွန်တိုင်းရင်းသားများနေထိုင်သည့် ရွာတိုင်းနီးပါး ဒီလိုပြိုင်ပွဲကိုကျင်းပခဲ့ပြီး နောက်ပိုင်းမှာတော့ ကမာမိုတစ်ရွာတည်းသာ ယနေ့အထိ ဆက်လက်ကျင်းပနေတာဖြစ်တယ်လို့” ကမာမိုကျေးရွာ ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲ ကျင်းပရေးကော်မတီနာယကအဖွဲ့ဝင် ဦးမင်းမြင့်မောင်လေးက ပြောကြားခဲ့သည်။

အဆိုပါ ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ပြိုင်ပွဲဝင် ဘုရားဖူးနွားလည်းယာဉ် (၄) စီး ဝင်ရောက်ယဉ်ပြိုင်ကာ အမှတ်ပေးအဖွဲ့ (၅) ဖွဲ့မှ နွား၊ လှည်း၊ အိန္ဒြေရှိမှု၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုအချိုးအစား စသည့်ဖြင့်အမှတ်ပေး၍ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်သွားမှာဖြစ်ပြီး၊ အဆိုပါ ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

မြို့နယ် (ပြန်/ဆက်)