မိုင်းကိုင်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေပေး

မိုင်းကိုင် ဧပြီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လျှပ်စစ်မီးမရသေးသော ကျေးလက်နေပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုးရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန(Climate Change Centre - CCC)နှင့်ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုများကို ဧပြီလ ၂၂ ရက်နေ့မှစ၍ မိုင်းကိုင်မြို့နယ်ခန်းမ၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

စွမ်းအားမြှင့်မီးဖိုများကို ဖြန့်ဖြူးပေးခြင်းကြောင့် လောင်စာထင်းသုံးစွဲမှုလျော့ချ၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန်၊ ချက်ပြုတ်ရာတွင်လောင်စာထင်းသုံးစွဲမှုလျော့ချခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုလျော့ချနိုင်ရန်၊ စံပြကျေးရွာများတိုးချဲ့လုပ်ဆောင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာ(၉၆)ရွာရှိ အိမ်ထောင်စုပေါင်း (၅၀၀၀)စုတို့အတွက် တစ်အိမ်ထောင်လျှင် စွမ်းအားမြှင့်မီးဖိုတစ်လုံးနှုန်းဖြင့် အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်သည်။

အဆိုပါစွမ်းအားမြှင့်မီးဖိုများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးရဲသွေးကျော်နှင့် ဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဖြူးပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက သွားရောက်ကြည့်ရှုအားပေးပြီး စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်းမျှော်မှန်းရလဒ်၊ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)