သံဖြူဇရပ်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

သံဖြူဇရပ် မတ် ၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လိုအပ်သည့်အထောက်အထားများ​ဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် ထုတ်ပေးခြင်း၊ အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးကိုလည်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ပင်စင်လစာထုတ်ပေးသည့်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှလည်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဥ်ပင်စင်လစာ စတင်ထုတ်ပေးသည့်နေ့မှ (၃) ရက်တိုင်တိုင် ကျန်မာရေးဝန်ထမ်းများဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ဦးရေ ၁၆၀၀ ခန့်ရှိပြီး တစ်နေ့လျှင် ၃၀၀ ဦးခန့်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)