နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (NRSC)၏ အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ရေး၊ Quick Win လုပ်ငန်းအစီအမံ(၅)ရပ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားစေလိုကြောင်း၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြစေလိုကြောင်း၊ လမ်းညွှန်းလမ်းအမှတ်အသားများနှင့် အချက်ပြများကို ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြစေရေး ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် လမ်းညွှန်းလမ်းအမှတ်အသားများနှင့် အချက်ပြများ စိုက်ထူထားမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)