ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများ ထုတ်ပေး

ကျောက်ဖြူ    ဧပြီ ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင်အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ပင်စင်လစာငွေများကိုထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်ရက်များတွင် နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ ထို့အပြင်သတ်မှတ် ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို မေလ လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းရုံးချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဧပြီလ ၂၂ ရက်နေ့ညနေပိုင်းအထိ ပင်စင်လာရောက်ထုတ်ယူသူများအား ပင်စင်လစာငွေ ကျပ်(၆၁)သန်းကို ထုတ်ပေးလျက်ရှိရာ ပင်စင်လစာထုတ်ယူရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။