ပုဗ္ဗသီရိ ဧပြီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အမှတ်(၅)ရပ်ကွက် အုန်းတောမြောက်ဘုန်းကြီးကျောင်းအတွင်းရှိ သက္ကျမာရဇိန်စေတီတော်အား ဘက်စုံမွမ်းမံ ပြန်လည်ပြုပြင်ထီးတော်တင်လှူပွဲကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထီးတော်တင်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်းရွတ်ဆို၍ ဖွင့်လှစ်ခဲ့ရာ၊ ပုဗ္ဗသီရိမြို့နယ် မတည်အလှူရှင်ဖြစ်သော အောင်စေပိုင်စေသီလရှင်ကျောင်းမှ ကျောင်းထိုင်ဆရာကြီး နန္ဒဝတီသီလရှင်ဆရာကြီးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သား၊ အလှူရှင်ဧည့်ပရိသတ်တို့က ကျည်တောင်ကန်အမှတ်(၁)ရပ်ကွက် တံခွန်တိုင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဦးသောမနထံမှ (၉)ပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်ပြီး ဘုရားဒါယိကာ၊ ဒါယိကာမများမှ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်များနှင့် အရံစေတီရွှေထီးတော် ဘုံအဆင့်များအား သံဃာတော်အရှင်သူမြတ်များထံဆပ်ကပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ တံခွန်တိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးသောမနထံမှ အနုမောဒနာတရားများနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
အဆိုပါ သက္ကျမာရဇိန်စေတီတော်အား ဘက်စုံမွမ်းမံပြန်လည်ပြုပြင် ထီးတော်တင်လှူပွဲတွင် မတည်အလှူရှင်ဖြစ်သော အောင်စေပိုင်စေ သီလရှင်ကျောင်းမှ ကျောင်းထိုင်ဆရာကြီး နန္ဒဝတီသီလရှင်ဆရာကြီးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သား၊ အလှူရှင်များ ဧည့်ပရိသတ် (၁၅၀)ဦးခန့် တက်ရောက်ခဲ့ရာ၊ သက္ကျမာရဇိန်စေတီတော်အား ပန်းရထားဖြင့် ရွှေထီးတော် ဘုံအဆင့်ဆင့်အား ထီးတော်တင်လှူဒါန်းပြီး ရတနာရွှေမိုးငွေမိုး ရွာသွန်းပြီးနောက် သံဃာတော်အရှင်သူမြတ်များမှ သက္ကျမာရဇိန်စေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားပြုလုပ်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ထီးတော်တင်လှူပွဲ ပြီးမြောက်အောင်မြင်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)