မိုင်းယောင်းမြို့၌ ဂန္ဓမာပန်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း

မိုင်းယောင်း ဧပြီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သီးနှံအပိုဝင်ငွေ ရရှိစေရန် တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြရာ အောင်မြင် ဖြစ်ထွန်းမှုရှိ၍ နေ့စဉ်ရောင်းချရပြီး ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဒေသခံတောင်သူများသည် မိမိတို့၏ နေအိမ်ဝိုင်းကွက် မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် ဘုရားပန်းများ၊ စားဖိုဆောင်သီးနှံများကို မိသားစု ဝင်ငွေတိုး လုပ်ငန်းတစ်ခုအနေဖြင့် စနစ်တကျ စိုက်ပျိုးလုပ်ကိုင်ကြကာ ယခုအခါ ဂန္ဓမာပန်း စိုက်ပျိုးရေးလုပ်ငန်းသည် ဖြစ်ထွန်းအောင်မြင်၍ ဒေသတွင်း လူကြိုက်များပြီး ‌ရောင်းအားကောင်းကာ နေ့စဉ်ဝင်ငွေရရှိနေကြောင်း သိရသည်။

ဒေသခံ တောင်သူများသည် နမ့်ခတ်ချောင်း၊ နမ့်ယောင်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများရှိ မြေကွက်လပ်များတွင် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက်  ဂန္ဓမာပန်း၊ မေမြို့ပန်း၊ နှင်းဆီပန်း၊ သပြေပန်းများနှင့် ငရုတ်၊ ကြက်သွန်၊ ဆလပ်ရွက်၊ ကော်ဖီထုပ်၊ မုန်ညှင်း၊ ခရမ်း၊ ဖူးစားပြောင်း၊ ရွှေဖရုံ စသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်သီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင် ကြကြောင်း သိရသည်။

ထွန်းမြင့်လှိုင်